ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူပွဲ တက်ရောက်

ပုသိမ် ဩဂုတ်

ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်း လောင်းလှူပွဲကို ယမန်နေ့နံနက် ၄ နာရီခွဲအချိန်က ပုသိမ်မြို့ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဖက်မုခ်အနီးရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။

ဦးစွာ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်(၁၄၀)တွင် ဝါဆိုဝါကပ်တော်မူပြီး အရုဏ်ဆွမ်းခံ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ် (၂၁၉၃)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက အရုဏ်ဆွမ်းများ လောင်းလှူပူဇော် ခဲ့ကြပြီးနောက် ဝါတွင်းကာလ ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ ပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်တို့မှ “နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော် ဆောင်အဖွဲ့ဥက္ကဋ္ဌက ဆွမ်းအာဟာရအလှူရှင် အနုမောဒနာဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ) ဘဒ္ဒန္တသောဘိတ  အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲဝင်ဝန်ကြီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်များအား ဝါတွင်းကာလတစ်လျှောက် နေ့စဉ် အရုဏ်ဆွမ်းလောင်းလှူပူဇော်ခြင်းကို တိုင်း/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)