ပုသိမ် ဩဂုတ် ၆
အမှတ်ပေးဘောလုံးပြိုင်ပွဲမှတစ်ဆင့် သက်တမ်းအလိုက်၊ မြို့နယ်အဆင့်ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်များအထိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ Pathein League 2023 အမှတ် ပေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကျောက်တိုင်အားကစားကွင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
Pathein League 2023 အမှတ် ပေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် တန်းအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့ ပုသိမ်မြို့အနေဖြင့် Pathein League 2023 အမှတ် ပေးပြိုင်ပွဲကို အသင်း၁၀သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပနိုင်ရေး ဆောင်ရွက် ပေးကြသူများအားလုံးကို ဂုဏ်ယူချီးကျူးပါကြောင်း၊ Pathein League 2023 ပွဲစဉ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လာရောက်အားပေးချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများ၊ ရန်ပုံငွေများ ပေးအပ်ခြင်းတို့အထိ ပူးပေါင်းဆောင်ရွက်ပေးသည်ကို တွေ့ရှိရ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဂုဏ်ယူပါကြောင်း၊ အပျော်တမ်း အမှတ်ပေး League ဖြစ်သော်လည်း ပြိုင်ပွဲဝင်အသင်းများတွင် အတွေ့အကြုံရှိ နိုင်ငံလက်ရွေးစင်အားကစားသမားများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ်မှ အားကစားသမားများ ပါဝင်သည့်အတွက် အခြားလူငယ်အားကစားသမားများက အတုယူကြိုးစားနိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နယ်ပယ်အသီးသီးရှိ အားကစားကဏ္ဍအလိုက် အားပေးမြှင့်တင်လျက်ရှိရာ ယခုကဲ့သို့ အားကစားစိတ်ဓါတ်မြင့်မားသည့် Pathein League 2023 ပြိုင်ပွဲ ကျင်းပနိုင်ခြင်းဟာလည်း တိုင်းဒေသကြီး၏ ဘောလုံးအားကစားကဏ္ဍ မြင့်မားစေရေးအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ အားကစားသမားများ၊ အသင်းတည်ထောင်သူများအနေဖြင့်လည်း မိမိတို့အသင်းအတွက် တန်ဖိုးရှိအားကစားဖြစ်စေရေး၊ ထိုမှတစ်ဆင့် တိုင်းဒေသကြီးနှင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်စေရေး ကြိုးစားပါဝင်ဆင်နွှဲကြရန်” တိုက်တွန်းမှာကြား၍ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် Pathein League 2023 ပြိုင်ပွဲအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးတို့က ရန်ပုံငွေများနှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် Ranger FC အသင်းနှင့် KKL FC အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ Pathein League အနေဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ အပျော်တမ်းအမှတ်ပေး League (၅) ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး 2021တွင် ပြိုင်ပွဲဝင်အသင်း(၆)သင်း၊ 2022တွင် ပြိုင်ပွဲဝင်အသင်း (၈)သင်း၊ ယခုနှစ် Pathein League 2023 တွင် ပြိုင်ပွဲဝင်အသင်း (၁၀)ဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)