မကွေး သြဂုတ် ၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် 100 MW (Gas Engine + Solar Hybrid) ဓါတ်အားပေးစက်ရုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ဓါတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းခွင်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ရောက်ရှိစဉ် 100 MW (Gas Engine + Solar Hybrid) ဓါတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှူးနှင့် Magway Hybrid Power Co.,Ltd. တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်းလုပ်ငန်းတာဝန်ရှိသူများမှ နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် 100 MW(Gas Engine + Solar Hybrid) ဓါတ်အားပေးစက်ရုံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ဓါတ်အားပေးစက်ရုံစီမံကိန်းကို နေရောင်ခြည် စက်စွမ်းအား ၁၀၀ မဂ္ဂဝပ်နှင့် သဘာဝဓါတ်ငွေ့သုံး စက်စွမ်းအား ၁၂၆ မဂ္ဂဝပ် တည်ဆောက် ဆောင်ရွက်နေမှုအခြေအနေ၊ ဓါတ်အားပေးစီမံကိန်းကို မြေဧက ၅၉၈ ဧကတွင် တည်ဆောက်မှု၊ လက်ရှိတွင် စီမံကိန်းလုပ်ငန်း ၃၂ % ရာခိုင်နှုန်းပြီးစီးမှုနှင့် သဘာဝဓါတ်ငွေ့သုံး စက်စွမ်းအား ၆၅% ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ သဘာဝဓါတ်ငွေ့သုံး အင်ဂျင်ဖြင့် လည်ပတ်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လုပ်ငန်းအန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအမြန်ဆုံး ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်ကြဖို့နဲ့ အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အဆိုပါ ဓါတ်အားပေးစီမံကိန်းကို အမေရိကန်ဒေါ်လာသန်းပေါင်း (၂၁၈.၈၉၀)သန်းဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စီမံကိန်းလုပ်ငန်း ပြီးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဓါတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးပါက အသုံးပြုမည့်ဓါတ်ငွေ့များကို မကျီးကန်ဓါတ်ငွေ့ထိန်းဖြန့်စခန်း (မကွေး)သို့ ၁၃၂ ကေဗွီ လိုင်းဖြင့် ပို့လွှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လည်ပတ်မှုသက်တမ်းအနေဖြင့် ၁၅ နှစ်ဖြစ်ကြောင်း သိရှိရသည်။
မောင်ညီညာ