ပဲခူး သြဂုတ် ၇
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ဆည်မြောင်းစခန်းတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ဇောင်းတူ၊ မဇင်း၊ ဇလက်ထော်၊ အလိုင်နီ၊ ရွှေပြည်-၃ ရေလှောင်တမံများမှ ဆည်ရေသောက်စနစ်များမှ ရေအသုံးချသူများအဖွဲ့နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု လစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) ရေစီမံခန့်ခွဲရေးဌာနစိတ်မှ တာဝန်ရှိသူများ အသိပညာပေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစဝ်ခွန်ဦးက ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ဆည်ရေရယူစိုက်ပျိုးသည့်အခါ ကွက်ဆင့်သောက်စနစ်အစား လယ်ကြားမြောင်းဖောက်လုပ်ပြီး ဆောင်ရွက်ခြင်းအားဖြင့် ရေကိုလိုအပ်သည့်အချိန် အချိန်မီသွင်းနိုင်သဖြင့် အရည်အသွေးပြည့်မီသည့် သီးနှံများရရှိကာ ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် အခြေအနေများ၊ ရေအသုံးချသူများအဖွဲ့နှင့် ဌာနမှတာဝန်ရှိသူများ စနစ်တကျပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ဆည်ရေကိုအချိန်မီမျှတစွာရရှိနိုင်သည့် အခြေအနေများ၊ လယ်ကြားမြောင်းနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးခရိုင်ဦးစီးမှူး ဦးသီဟအောင်က ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ရေအသုံးချသူများ အဖွဲ့တာဝန်ရှိများက ရေအသုံးပြုရာတွင် မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဌာနမှလုပ်ဆောင်ပေးရန်လိုသည်များနှင့် သိလိုသည်များ ဆွေးနွေးမေးမြန်းရာ နေပြည်တော်ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပဲခူးခရိုင်ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ပဲခူးခရိုင်ဦးစီးမှူးဦးသီဟအောင်က တက်ရောက်လာသူများအား လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှု ဗွီဒီယိုမှတ်တမ်းနှင့် မိမိတို့နေရာ၌ အလွယ်တကူစပါး ပျိုးထောင်နိုင်သည့်နည်းစနစ် သရုပ်ပြဗီဒီယိုမှတ်တမ်းအား ရှင်းလင်းပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)