သာယာဝတီ ဩဂုတ် ၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သာယာဝတီခရိုင်၌ အစိုးရအဖွဲ့အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်းလက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ တောင်သူဦးရဲနိုင်၏ လယ်မြေတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် ရွှေနံ့သာပေါ်ဆန်း စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တန်ဖိုးမြှင့်ဆန်များ တိုးချဲ့ပျိုးရန်၊ ရာသီမရွေး အထွက်နှုန်းကောင်းသော ရွှေနံ့သာပေါ်ဆန်း စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်နှင့် ပိုက်ဆံလျှော်စိုက်ပျိုးဧက မြို့နယ်အလိုက် လျာထားချက်ပြည့်မီရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲသို့ လာရောက်လေ့လာသည့် သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့မှ ဒေသခံတောင်သူများနှင့်တွေဆုံခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်မှုလုပ်ငန်းစဉ်များ၏ အသိပညာပေးဗီဒီယိုမှတ်တမ်းဖြင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စု၊ တောင်သူဦးစိုးမြင့်၏ ရက်(၉၀)မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ပေါင်းစပ်ကြဲပတ်ခြင်းနှင့် သမန်းနိုးခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးသန်မျိုးစေ့ထုတ်စိုက်ခင်းများအား Contract Farming စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်ရန်၊ နှစ်အလိုက် စနစ်ကျလယ်ယာမြေများဖော်ထုတ်နိုင်ရေး စီမံချက်ရေးဆွဲတင်ပြရန်နှင့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး ပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာအုပ်စု တောင်သူဦးထွန်းဇော်၏ ရက်(၉၀)မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ပေါင်းစပ်ကြဲပတ်ခြင်းနှင့် သမန်းနိုးခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်စိုက်ခင်းများတွင် မျိုးကွဲများအားနှုတ်ပယ်ခြင်း စနစ်တကျ ဆောင်ရွက်ရန်၊ ဒေသနှင့်ကိုက်ညီသော ရောဂါပိုးဒဏ်ခံနိုင်သည့် သက်လျင်အထွက်တိုး မျိုးစပါးများ စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်နှင့် သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)