ဝန်းသို ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ပေါ်၊ ဥယျာဉ်တော်ရပ်ရှိ နေအိမ်ခြံမြေများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ကြက်မောက်သီးထွက်ရှိချိန်တွင် သဘာဝဘေးအန္တရာယ်များကြောင့် အသီးနည်းပြီးရရှိလာသည့်အသီးများကို ရောင်းချရာတွင်လည်း အရောင်းပါးဖြစ်နေကြောင်း ကြက်မောက်သီးစိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။
“ကျမနေအိမ်ခြံဝင်းမှာ မိရိုးဖလာစိုက်ပျိုးထားတဲ့ ကြက်မောက်သီးပင် (၃၅)ပင်ရှိတယ်၊ ကြက်မောက်သီးတွေက နေပူအားကြီးတော့ အပွင့်ခြောက်ပြီးကြွေကျတယ်၊ ပြီးတော့ လင်းဝက်ငှက်တွေကလည်း စားတော့ အရင်နှစ်တွေထက် အောင်တဲ့အသီးနည်းတယ်၊ နောက်ပြီး ခရီးသွားလာမှုကနည်းပြီး ငွေရေးကြေးရေးမှာလည်း အဆင်မပြေကြတော့ အရောင်းအဝယ်ပါးတယ်“ဟု ဥယျာဉ်တော်ရပ်နေ ကြက်မောက်သီးစိုက်ပျိုး ရောင်းချနေသူတစ်ဦးက ပြောသည်။
ကြက်မောက်သီးမျိုးတွင် အဝါရောင်မျိုးနှင့်အနီရောင်မျိုးနှစ်မျိုးရှိပြီး အဝါရောင်အသီးမျိုးက ပို၍စားကောင်းသော်လည်း အနီရောင်အသီးကလူကြိုက်များပြီးပိုရောင်းရကြောင်း၊ ကြက်မောက်သီး ၁၅လုံးပါ တစ်တွဲကို တစ်ထောင်ကျပ်ရောင်းချရကြောင်း၊ ယခင်နှစ်များတွင် ကြက်မောက်သီး တစ်ပင်လျှင် ဒေသအခေါ် နမလင်ခြင်းတောင်း အလုံးရေ ရှစ်လုံးမှ ဆယ်လုံးအထိထွက်ရှိပြီး ယခုနှစ်တွင် ခြင်းတောင်းနှစ်လုံး သုံးလုံးခန့်တာရရှိကြောင်း၊ ကြက်မောက်သီးပေါ်ချိန်မှ နှစ်လ သုံးလခန့်အထိ ရောင်းချရကြောင်း သိရသည်။
ဝန်းသိုမြို့ပေါ် ဥယျာဉ်တော်ရပ်နှင့် နန္ဒာဝန်ရပ်များတွင် ဘိုးစဉ်ဘောင်ဆက် လူကြီးများက မရမ်းသီး၊ တရုတ်ဇီးသီး၊ သရက်သီး၊ ကြက်မောက်သီး၊ နှင်းသီးစသည့်သီးနှံပင်များကို မိမိတို့အိမ်ခြံမြေအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိခဲ့ကြရာ အဆိုပါသီးနှံများကို ရာသီအလိုက်ရောင်းချ၍ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်း