အင်းတော် ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ တပ်ဖွဲ့၊ ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက် ကျောင်းဆောင်ကြီး အောက်ထပ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံယာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလကို ခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ဒေသနာတော်ကို ရွတ်ဆို၍ မေတ္တာပို့သခဲ့ပြီး ရေတွင်းကုန်းကျောင်းဆရာတော်က ဩဝါဒစကား မြွက်ကြွားခဲ့သည်။ ၎င်းနောက် ဆရာတော်၊ သံဃာတော်များကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား အခမ်းအနားသို့ တက်ရောက်လာကြသော တပ်ဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲ တာဝန်ခံများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ပိတ်သိမ်းခဲ့သည်။ ထို့နောက် အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များကို နေ့ဆွမ်းနှင့် အချိုရည်ပွဲများ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ်အတွင်းရှိ တပ်ဖွဲ့အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ