ပွင့်ဖြူ ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံဧက ၅၀၀၀ လျာထား စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ပြီး ယနေ့အထိ ချည်မျှင်ရှည်ဝါသီးနှံ ၁၈၇၃ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး ဝါသီးနှံစိုက်ပျိုးခြင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဇွန်လဆန်းပိုင်းကစ၍ ကြိုးပမ်းစိုက်ပျိုးခဲ့ကြပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကဒေသတွင်းရှိ ဝါသီးနှံစိုက်ပျိုးတောင်သူများကို အခြေခံ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို အသိပညာပေးပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ဧက ၅၀၀၀ လျာထားစိုက်ပျိုး ဆောင်ရွက် သွားမှာဖြစ်ပြီး ယနေ့အထိ မြေပြင်စိုက်ပြီးဧက ၁၈၇၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ချည်မျှင်ရှည် ဝါသီးနှံဟာ ဈေးကွက်ရှိတဲ့အတွက် နှစ်စဉ်မိုးရာသီမှာ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးကြပါတယ်။ ယခုနှစ်မှာလဲ ချည်မျှင်ရှည်ဝါ သီးနှံစိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ရေပုတ်လေးကျေးရွာနဲ့ ကုလားဟောင်းကျေးရွာတို့မှာ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေတိုးပွားရေးအတွက် အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူတွေ ဝါသီးနှံစိုက်ပျိုးရာမှာ သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် အဓိကလုပ်ဆောင်ရမယ့် စိုက်ပျိုးနည်း စနစ်တွေ၊ သီးနှံပိုးမွှားရောဂါ မကျရောက်အောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေ၊ စိုက်ပျိုးရေးသွင်းအားစု စနစ်တကျ သုံးစွဲနည်းတွေ၊ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်သက်သာစေမယ့် ကိုယ်တိုင်သဘာဝမြေဩဇာနဲ့ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းစနစ်တွေစတဲ့ စိုက်ပျိုးရေးနည်းပညာများကို အနီးကပ်ကြီးကြပ်ပြီးတော့ တောင်သူအသိပညာပေးခြင်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် နှစ်စဉ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတွက်ခြေကိုက်သည့် ချည်မျှင်ရှည်ဝါ၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) စသည့် ဝါသီးနှံမျိုးများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)