မြိတ်မြို့တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

မြိတ် ဩဂုတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ် အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ဩဂုတ်(၆)ရက် နံနက်(၉)နာရီက အ.ထ.က(၁)ကျောင်းတွင် ကျင်းပရာ ကျောင်းသား/သူ(၇၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ “ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာတို့ကာကွယ်”ခေါင်းစဉ်၊  ကဗျာပြိုင်ပွဲ၌ “ကျန်းမာရေးအဆင့်မြှင့်ဖို့ကွယ် တို့တွေပူးပေါင်းဆောင်ရွက်မယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ “ သန့်ရှင်းသာယာကျောင်းတခွင်မှာ” ခေါင်းစဉ်၊ ကဗျာပြိုင်ပွဲ၌ “ကိုယ်လက်လှုပ်ရှားအားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲ၌ “ သွေးလွန်တုပ်ကွေးကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်၊  ဉာဏ်စမ်းပြိုင်ပွဲ၌ ကျောင်းကျန်းမာရေးနှင့်သက်ဆိုင်သည့် မေးခွန်းများဖြင့်လည်းကောင်း ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်တွင် ကျောင်းသား/သူ(၂၂)ဦး၊ အလယ်တန်းအဆင့်တွင် (၂၈)ဦး၊ မူလတန်းအဆင့်တွင် (၂၄)ဦး ပါဝင်ယှဉ်ပြိုင်နေမှုအား ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ ဆရာ/မများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲ၌ဆုရရှိကြမည့် ကျောင်းသား/သူများကို ကျောင်းကျန်းမာရေး ရက်သတ္တပတ်အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)