မြိတ်ခရိုင်အတွင်း ရေငန်ငါး/ပုစွန် တိုးချဲ့မွေးမြူနိုင်‌ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြိတ် ဩဂုတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ရေငန်ငါး/ပုစွန်တိုးချဲ့မွေးမြူရေး အလုပ်ရုံဆွေးနွေးပွဲကို ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် မြိတ်ခရိုင်အတွင်းရှိ ရေငန်ငါး/ပုစွန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို‌နောက် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦးက ရေငန်ငါး/ပုစွန် တိုးချဲ့မွေးမြူရေးအလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ရေငန်ပုစွန်တိုးချဲ့မွေးမြူဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။

“အလုပ်ရုံဆွေးနွေးပွဲကို ရေငန်းငါး/ပုစွန် တိုးချဲ့မွေးမြူရေးမြှင့်တင်ဖို့ အဓိကရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီဒေသက ရေလုပ်ငန်းနဲ့ အဓိကဖွံ့ဖြိုးတိုးတက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဖမ်းဆီးရေးက အဓိကဖြစ်ပါတယ်။ ဖမ်းဆီးရေးက ထုတ်ယူသုံးစွဲတာ အခုဆိုရင် နှစ်ပေါင်းများစွာကြာတဲ့အခါကျတော့ ပင်လယ်ပြင်ရဲ့ သယံဇာတဟာ ထိခိုက်လာပြီဖြစ်တယ်။ ဒါ့ထက်ပိုပြီး ထုတ်လုပ်မယ် ဆိုရင်လည်း သယံဇာတပြုန်းတီးမှုတွေဖြစ်လာနိုင်တယ်၊ ဒီဒေသမှာကိုက်ညီတဲ့ ရေငန်ပုစွန်ဖြူမွေးမြူတာ အောင်မြင်နေတဲ့အတွက် တိုးချဲ့မွေးမြူနိုင်ဖို့၊ အမယ်သစ်ရေငန်ငါးတွေကို ဘယ်လိုတိုးချဲ့မွေးမြူမလဲဆိုတာကို ပညာရှင်တွေ လုပ်ငန်းရှင်တွေနဲ့ တကယ်မွေးမြူနေတဲ့ အခြေအနေကိုတွေ့ဆုံပြီး တိုးချဲ့မွေးမြူနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ရေငန်ငါး/ပုစွန်တိုးချဲ့မွေးမြူရေး လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မြေနေရာရရှိရေး၊ သားပေါက်ရရှိရေး၊ အစာရရှိရေး၊ ဈေးကွက်အခြေအနေများနှင့် အခက်အခဲများ၊ ဒေသနှင့်ကိုက်ညီသော ငါးအမျိုးအစားများ ရွေးချယ်ခြင်းများကို မွေးမြူရေးလုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြရာ မွေးမြူရေးပညာရှင်များ၊ မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်သုတေသနဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။

မြိတ်ခရိုင်အတွင်း ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းအနေဖြင့် မြေဧက(၁၂၇၁.၈၂)ကျော်တွင် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပုစွန်ကန်(၁၄၅)ကန် တူးဖော်ဆောင်ရွက်လျက်ရှိကြသည်။ ထို့အတူ မြေဧက(၂၉၇၂.၀၆) ခန့်တွင်လည်း ရေငန်ပုစွန်မွေးမြူရေးကန်များ တိုးချဲ့‌မွေးမြူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ မြိတ်ခရိုင်အတွင်း မွေးမြူနေသေ ငါးအမျိုးအစား (၂)မျိုးရှိပြီး ကျောက်ငါးနှင့် ကကတစ်ငါးမျိုးများဖြစ်ကာ လက်ရှိအချိန်တွင် ကကတစ်ငါးမွေးမြူရေးကို ဧက(၆၄.၁၃)နှင့် ကျောက်ငါးမွေးမြူ‌ရေးကို ဧက(၃၀)တို့တွင် မွေးမြူဆောင်ရွက် လျက်ရှိကြသည်။  

မြိတ်ခရိုင်မှ မွေးမြူထုတ်လုပ်သော ရေငန်ပုစွန်များကို ရောင်းချမှုဈေးကွက်အနေဖြင့် ပြည်တွင်းအအေးခန်းကုမ္ပဏီများ၊ ဒေသတွင်းရောင်းချခြင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချကြောင်း၊ ကကတစ်ငါးကို ဒေသတွင်းဈေးများ၊ စားသောက်ဆိုင်များကို ရောင်းချကြကြောင်း၊ ကျောက်ငါးကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ခိုင်ထူး(ပြန်/ဆက်)