ကျွန်းစု အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီကာ ယခင်ဘဏ္ဍာရေးနှစ်များတွင် ကျေးရွာများအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကော်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း လိုအပ်သောကျေးရွာများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက မြစိမ်းရောင် ကျေးရွာစီမံကိန်းသည် ကျေးလက်နေ ပြည်သူများအတွက် ထိရောက်သော စီမံကိန်းတစ်ခုဖြစ်ကြာင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း သင့်တော်သော ကျေးရွာများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဌာနဆိုင်ရာများ နှင့်ပေါင်းပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက ယခင်ဘဏ္ဍာရေးနှစ်များတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၁၃)ရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဆောင်ရွက်မည့် ကျေးရွာများလည်း ရှိကြောင်း၊ မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်ပြီး ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရှိကြောင်း၊ ယခုဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ် ရာတွင် ညှိနှိုင်းရွေးချယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်ရမည့် အခြေခံမူများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျွန်းစုမြို့နယ်အတွင်းတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အဓိကကျေးရွာအဖြစ် တာရပိုင်းကျေးရွာနှင့် အရန်ကျေးရွာအဖြစ် ဝါးအော်ကျေးရွာအား ညှိနှိုင်းရွေးချယ်ခဲ့ကြောင်း သိရသည်။
မင်းကျော်စော (ပြန်/ဆက်)