လှိုင်းဘွဲမြို့နယ်တွင် ရေဘေးကျရောက်သော နွမ်းပါးအိမ်ထောင်စု(၅၀)စုအား စာနပ်ရိက္ခာများ လိုက်လံထောက်ပံ့ပေးအပ်

လှိုင်းဘွဲ ဩဂုတ် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းလာမှုနှင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာမှုတို့ကြောင့် ရေဘေးကျရောက်သော အိမ်ထောင်စုများအနေဖြင့် ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ပေးလျက်ရှိရာ ပြောင်းရွေ့နေထိုင်ခြင်းမရှိသော နွမ်းပါးအိမ်ထောင်စုများအနေဖြင့် အဆင်ပြေစေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကူညီမဲ့တွဲလက်များအဖွဲ့တို့က စာနပ်ရိက္ခာများ လိုက်လံထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ လိုက်လံထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတပ်ကြပ်မှူး ဒေါ်အေးအေးဖြူ နှင့်တပ်ဖွဲ့ဝင်များ၊ ကူညီမဲ့တွဲလက်များ (Mytel)အဖွဲ့ဝင်များက လှိုင်းဘွဲမြို့(ခ)ရပ်ကွက်နှင့် ထန်းတောကျေးရွာတို့တွင် ရေဘေးကျရောက်သော နွမ်းပါးအိမ်ထောင်စု(၅၀)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆီ၊ ဆား၊ အချိုမှုန့်တို့ကို လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ရေဘေးကျရောက်သော အိမ်ထောင်စုများအနေဖြင့် အဆင်ပြေစေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အလှူရှင်များ ပူးပေါင်း၍ စာနပ်ရိက္ခာများ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)