ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် မြို့ပတ်လမ်းဘေး(ဝဲ ၊ ယာ) စင်္ကြံပလက်ဖောင်းများ အသစ်ပြုလုပ်ဆောင်ရွက်

ပွင့်ဖြူ ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ဌာန၏ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေး(ဝဲ၊ယာ)တွင် စင်္ကြံပလက်ဖောင်းများ အသစ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

အဆိုပါ စင်္ကြံပလက်ဖောင်းများ ပြုလုပ်ခြင်းကို ၂၀၂၃ - ၂၀၂၄ဘဏ္ဍာရေးနှစ်၊ ဌာန၏ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၉ ဒသမ ၅၀ သန်းဖြင့် အရှည်ပေ ၁၆၀၀၊ အကျယ် ၅ ပေရှိ စင်္ကြံပလက်ဖောင်း အသစ်ပြုလုပ်ဆောင်ရွက်ခြင်းကို ဇူလိုင် ၃၀ ရက်နေ့ကစပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ဦးဆောင်မှုဖြင့် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရကာ ယင်းစင်္ကြံပလက်ဖောင်း ပြုလုပ်ခြင်းလုပ်ငန်းကို ဩဂုတ်လ ၃၁ ရက်နေ့အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိသူများက မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေး(ဝဲ ၊ ယာ)တွင် စင်္ကြံပလက်ဖောင်း ပြုလုပ်ဆောင်ရွက်နေမှုများအား လုပ်ငန်းအရည်အသွေးပြည့်မီမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ  သန့်ရှင်းသာယာလှပစေရန်အတွက် ဘဏ္ဍာရေးနှစ်အလိုက်ဌာန၏ ခွင့်ပြုရန်ပုံငွေအပေါ်မူတည်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ဌာန၏ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၃၈ ဒသမ ၈၀ သန်းဖြင့် လမ်း/တံတားလုပ်ငန်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းနှင့် အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအဝင် စုစုပေါင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။   

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)