ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောက်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဩဂုတ် ၆

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာဆောင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဝန်ထမ်းအိမ်ရာများနှင့် တည်ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာများ၌ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ဘောလုံးပွဲကြည့်စင်များ ပြန်လည်မွမ်းမံ ပြုပြင်တည်ဆောက်နေမှုများနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၂)ထပ်ဧည့်ရိပ်သာအသစ် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ တည်ဆောက်ရေးကုမ္ပဏီဝန်ထမ်းများနှင့် တွေ့ဆုံပြီး တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဝန်ထမ်းအိမ်ရာများနှင့်စပ်လျဉ်း၍ ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ရှင်းလင်းတင်ပြခဲ့မှုအပေါ်တွင် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကာ သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးစေရေးနှင့် အရည်အသွေးများ ကောင်းမွန်စေ ရေးတို့အတွက် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဆောက်လုပ်ပြီးစီးသွားသော ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဌာနများအလိုက် တိုက်ခန်းနေရာချထားပေးရေးတို့ကို ဆက်လက်စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)