ဘားအံမြို့နယ်တွင် မိုးစပါး  ၄၇၅၂၈ ဧက စိုက်ပျိုးပြီးစီး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး ကရင်ပြည်နယ် ဝန်ကြီးချုပ် မြေပြင်ကြည့်ရှုစစ်ဆေး

ဘားအံ ဩဂုတ် ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇွန်လမှ အောက်တိုဘာလကုန်ထိ မိုးစပါးဧက ၁၁၉၀၄၃ ကျော်စိုက်ပျိုး ရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ မိုးစပါး ၄၇၅၂၈ ဧက ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးကာ စွမ်းအားပြည့်ထွန်ယက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့ သည် ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘားအံမြို့နယ်သည် မိုးများသည့်ဒေသဖြစ်ပြီး ရေကြီးကွင်း၊ ရေနက်ကွင်းများ တည်ရှိ၍ မိုးစပါးကို တစ်ချိန် တည်း၊တစ်ပြိုင်တည်းစိုက်ပျိုး၍မရဘဲ ရေကျချိန်စက်တင်ဘာလကုန်ခန့်တွင် ရေကျနောက် စိုက်မိုးစပါးများကို စိုက်ပျိုးလေ့ရှိကြသည့်အတွက် မိုးစပါးစိုက်ဧကများ ထွန်ယက်စိုက်ပျိုးရန် ကျန်ရှိနေခြင်းဖြစ်ကာ မိုးစပါးလျာထားချက် ပြည့်မီ ကျော်လွန်စေရေးအတွက် ခရိုင်၊မြို့နယ်စို က်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဝင်များမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄ ၊ ထောင်ဝိကွင်း၌ မိုးစပါးထွန်ယက်စိုက်ပျိုးပြီးစီးမှု၊ ဘားအံမြို့နယ်၊ ရဲသာ(ကမော့ကစင်)ကျေးရွာ၊ ကွင်းအမှတ် ၁၁၈၆၊ ကမော့ကစင် အရှေ့ကွင်းတွင် တောင်သူများ ထွန်ယက်စိုက်ပျိုးနေမှု၊ ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ ကော့နန်းသာ ကျေးရွာ၊  ကွင်းအမှတ်-၁၁၉၂ (က)ရေတံခွန်းကွင်းတွင် တောင်သူများထွန်ယက်စိုက်ပျိုးပြီးစီးမှု၊ လက္ခဏကျေးရွာနှင့် ခလောက်ထောင်ကျေးရွာတို့တွင် မိုးစပါးထွန်ယက်စိုက်ပျိုးနေမှုများကို ကြည့်ရှုစစ်ဆေး၍ တောင်သူများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ တောင်သူများက သွင်းအားစု များအားသက်သာသောနှုန်းထားဖြင့်ရရှိနိုင်ရေး၊ လယ်ယာလုပ်ငန်းခွင်တွင်လိုအပ်သော ရေသွင်း၊ရေထုတ်မြောင်းများ၊ Box Culvert များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးတင်ပြကြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တောင်သူများမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ လိုက်နာစေရေး၊ နည်းစနစ်မှန်ကန်မှုရှိစေရေး၊ ပိုးမွှားကာကွယ်ရေး၊ တစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေး၊ မိုးစပါးရာသီအစမှ ရာသီပိတ်သိမ်းချိန်ထိ ပညာပေးလုပ် ငန်းများဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လက္ခဏကျေးရွာအုပ်စု၊ ခလောက် ထောင် ကျေးရွာ၊ ခလောက်ထောင်အင်းတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် အကျယ်၆ပေ၊ အမြင့်၁၂ပေရှိ ရေတံခါးသုံးပေါက် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဦးက ရေတံခါးတည်ဆောက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)