ဟုမ္မလင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဟုမ္မလင်း ဩဂုတ် ၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မူးယစ်ဆေးဝါးအန္တရယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေလယ်(၂)နာရီက ဟုမ္မလင်းမြို့၊ အ.ထ.က(၁)ကျောင်း၊ ဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဟုမ္မလင်း၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးဧဆက်က လူငယ်နှင့်အချိန်၏တန်ဖိုးခေါင်းစဉ်နှင့် Facebook ဘာအတွက်သုံးသလဲ၊ Facebook အသုံးပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးနှင့် လူငယ်များအနေဖြင့် Facebook ကို Learning Area အဖြစ်သာ အသုံးပြုကြရန်တို့ကို တိုက်တွန်းဟော​ပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ်မူးယစ်တပ်ဖွဲ့စု ဒု-ရဲမှူး ​မြင့်အောင်က ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိုး၏ဆင့်ကဲဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မူးယစ်ဦးစီးဌာနတို့မှ အသိပညာပေးမူးယစ်ဆေးဝါးနှင့်ပတ်သတ်သော အသိပညာပေးနံရံစာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ ပြသထားရှိမှုအား ကျောင်းသား/သူများက စိတ်ဝင် တစ်စားကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းမြို့နယ်မူးယစ်တပ်ဖွဲ့စု ဒု-ရဲမှူး မြင့်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစီးအရာရှိဦးဧဆက်၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့်အဖွဲ့ဝင်များ၊ အ.ထ.က(၁)​ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း(၉၅၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)