ပဲခူး ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် “ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်”ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကာ ရရှိသည့် အခွန်ငွေများ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေရပြီး ရသင့်ရထိုက်သည့်အခွန်များကို အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိပဲ အပြည့်အဝ ရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံ ဆောင်ရွက် ရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ အခွန်ရငွေလျာထားချက်နှင့် ကောက်ခံရရှိမှု ကာလတူနှိုင်းယှဉ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြို့နယ်အလိုက် အခွန်ငွေလျာထားချက်နှင့် ပေးဆောင်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်း ဒေသကြီးသည် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် မျိုးကောင်း မျိုးသန့် ပြောင်းလဲစိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခင်(၁)သီးသာ စိုက်ပျိုးနိုင် ခဲ့သည့် ရေကြီး/ ရေနက်ကွင်းများ၊ သဲဆန်ကုန်းကြော မြေများတွင် တစ်နှစ်(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး အထူးအလေးထားဆောင်ရွက်သွားရန်နှင့် လာမည့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီများတွင် လျာထားချက်ပြည့်မီ ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေအခက်အခဲမရှိစေရေး ရေရရှိနိုင် မည့် နေရာများအား ကြိုတင်ရှာဖွေ၍ စီမံချက်များချမှတ် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က မိုးစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီး စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကဏ္ဍအလိုက် အကြံပြုတင်ပြခဲ့ကြသည်။ ၎င်းနောက် ခရိုင်/မြို့နယ် စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက် မိုးစပါး စိုက်ပျိုးပြီးစီးမှု၊ ဆောင်းသီးနှံနှင့် နွေစပါး စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များအား တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက် အသုံးပြုပုံ၊ ပျိုးထောင်ပုံတို့အား မှတ်တမ်းဗွီဒီယိုဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)