ချောင်းဦး သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ရှိ ဓမ္မိကာရာမ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး ဘုန်းတော်ကြီးကျောင်းဝင်း သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေး စုပေါင်းလုပ်ဆောင်ခဲ့ပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဝင်းအတွင်းရှိ အမှိုက်များ၊ မြက်ပင်ပေါင်းပင်များ၊ ဘုရားပရဝဏ်အတွင်းရှိ အမှိုက်များ၊ သစ်ပင်ကြီးများ၏ အကိုင်းအခက်အလက်များအား စုပေါင်း ခုတ်ထွင်ရှင်းလင်း သန့်ရှင်းခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ဓမ္မိကာရာမကျောင်းဆရာတော် ဘဒ္ဒန္တ အာသဖထံမှ ရှစ်ပါးသီလခံယူကာ ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် အတူ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ချောင်းဦးမြို့နယ်တွင် စနေနေ့တိုင်း မြို့အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် အထင်ကရ နေရာများ အများနှင့် သက်ဆိုင်သည့် ဆေးရုံနှင့်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းနှင့် တန်ခိုးကြီးဘုရားများအား ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ အပတ်စဥ် သန့်ရှင်းရေး ပြုလုပ်လျက်ရှိပြီး ဝါတွင်းကာလတွင် ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)