မြောင်းမြမြို့၌ (Mobile Library Bus) ဖြင့် ဌာနဆိုင်ရာ၊ ကျောင်းများအရောက် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

မြောင်းမြ ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယနေ့နံနက်က ခရိုင်မီးသတ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။  

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)