မင်းဘူး ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံလူတန်စား အိမ်ထောင်စုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ မြို့မဈေးကြီးအနီး ကုလားကုန်းအတက် လူစည်ကားရာနေရာတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ် ရောင်းဝယ်သူများ၏ တန်ဖိုးသင့် တိုက်ရိုက် အရောင်းဆိုင်များမှ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ ပဲသီး၊ ခဝဲသီး၊ ဘူးရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုန်းပတီသီး စသည့် ဟင်းသီးဟင်းရွက် စားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ပြီး၊ ဆန်တစ်ပြီ ၃၀၀၀ ကျပ်၊ ဆီတစ်ပိဿာ ၆၅၀၀ ကျပ်၊ ကုလားပဲတစ်ဗူး ၈၀၀ ကျပ်နှင့် အခြား ဟင်းသီးဟင်းရွက်များလည်း ပြင်ပပေါက်ဈေးထက် ချိုသာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)