ကြာအင်းဆိပ်ကြီး ဩဂုတ် ၄
ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေများလျှံကာ မြေနိမ့်ပိုင်းတွင်နေထိုင်လျက်ရှိသည့် လူနေအိမ်များသို့ မြစ်ရေများ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူများမှာ ယာယီဖွင့်လှစ်ထားသည့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသိူ့ ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာ၌ နှစ်စဉ် မိုးရာသီကာလ မိုးရွာသွန်းမှုများသည့် ဇူလိုင်လနှင့် ဩဂုတ်လများတွင် ရေကြီး ရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး ရေဘေးရှောင်ပြည်သူများမှာ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ပြီး ဩဂုတ်လ (၄)ရက်နေ့အထိ အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ( ၄၄၉)ဦး၊ ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးရှောင်ပြည်သူများအား စားသောက်နေထိုင်မှု အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ ကျပ် စုစုပေါင်း (၁၀၄၇၉၀၀) ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆန်ရိက္ခာထောက်ပံ့ငွေများအား ရေဘေးရှောင်စခန်းသို့ သွားရောက်၍ ရေဘေးရှောင်ပြည်သူများထံ ယနေ့မွန်းလွဲ ၂နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး