ပွင့်ဖြူ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့မဈေးနှင့် ရှောက်တောကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးတို့အား ဈေးလုံခြုံမှုရှိစေရန်နှင့် ဈေးသူဈေးသားများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဈေးအတွင်းအပြင်ရှိ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်မီးသီးများအား ဖြုတ်သိမ်း၍ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် ရှောက်တောကျေးရွာ ကျေးလက်စည်ပင်သာယာဈေးမှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် ဈေးလုံခြုံမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးမီးဘေးလုံခြုံရေးအတွက် တပ်ဆင်အသုံးပြုထားသည့် လျှပ်စစ်မီးသီးများ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးနေမှုများကို ဖြုတ်သိမ်းကာ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျော့ကျနေသည့် ဓာတ်အားလိုင်းကြိုးများအား လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဈေးမီးဘေးလုံခြုံရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ဈေးလုံခြုံရေးတို့အတွက် မြို့မစည်ပင်သာယာရေးဈေးကြီးအပါအဝင် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေးများကို ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များ ပူးပေါင်းပြီး ညစဉ် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးသူ၊ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆင်ခြင်သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ ဈေးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် အပတ်စဉ် ဈေးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )