ဟင်္သာတ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်ရှိ အောင်ပြည့်ဖြိုးဦး သာသနာ့ဗိမာန်အတွင်း သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဟင်္သာတခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတမြို့နယ်အတွင်းရှိ ကျောင်းတိုက်(၁၃)ကျောင်းမှ ဆရာတော်သံဃာ (၄၉)ပါး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်ဇနီး ဒေါ်ခတ္တာထွန်း၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ဟင်္သာတမြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညို ခဲ့ကြပါသည်။
ဆက်လက်၍ ပင့်သံဃာများနှင့် ဆရာတော်အရှင်သူမြတ်တို့ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်ဇနီး ဒေါ်ခတ္တာထွန်း၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များမှ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် မိုးကောင်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)