မြဝတီမြို့၌ သောင်ရင်းမြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်းနေရာများ ရေဝင်ရောက်လျှက်ရှိသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၅ နေရာ ဖွင့်လှစ် ဆောင်ရွက်ထား

မြဝတီ ဩဂုတ် ၄

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး   သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ကာ မြစ်ရေလျှံတက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သောင်ရင်းမြစ် ရေလျှံတက်ခြင်းကြောင့် မြဝတီမြို့နယ်အတွင်းရှိ သောင်ရင်းမြစ်ကမ်းပါးစပ် ရပ်ကွက်များနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးမှုဖြစ်ပွားလျက်ရှိသည့်အတွက် အဆိုပါ နေရာမှ ပြည်သူများအား ရေဘေးကယ် ဆယ်ရေးစခန်း ၅ ခုဖွင့်လှစ်ပြီး ပြောင်းရွှေ့နေရာချထားခြင်းဖြစ်သည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင် ပြည်သူများအား သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်၊
  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ ရှေ့တန်းမှူး ဗိုလ်မှူး အောင်ကျော်မင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ထက်ဝင်း နှင့်တာဝန်ရှိသူများက ထောက်ပံ့ရေး ပစ္စည်းများအား သွားရောက်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် နှင့် ရေသန့်များ လှူဒါန်းခြင်းဖြစ်ပြီး ရေဘေးရှောင်ပြည်သူများ အတွက် နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများအား ဒေသအုပ်ချုပ်ရေးအဖွဲ့များက စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် အိမ် ထောင်စု ၁၇၆ စုမှ အမျိုးသား ၃၇၆ ဦး၊ အမျိုးသမီး ၄၁၆ ဦး၊ စုစုပေါင်း ၇၉၂ ဦး ရောက်ရှိ နေထိုင်လျက်ရှိပြီး သောင်ရင်းမြစ်ရေသည် ယနေ့ နံနက် ၁၀ နာရီတိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက်ကျော်လွန်ပြီး ၁၀၈၅ စင်တီမီတာတွင် ရှိနေကြောင်းသိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)