တနင်္သာရီ ဩဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ Community Centre ခန်းမအတွင်း ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အထက-တနင်္သာရီ ကျောင်းတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ခံဆရာဝန် ဒေါက်တာနွေးဟေမာသင်း၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးခင်အေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ချိုချိုခန့်နှင့် အ.ထ.က-တနင်္သာရီ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်တို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အခုလို လူငယ်ရေးရာအသိပညာပေး ဟော ပြောပွဲများကျင်းပခြင်းဖြင့် ကျောင်းသူ/သားများအတွက် အကျိုးများမည်ဖြစ်၍ အောင်မြင်အောင် ပူးပေါင်း ပြုလုပ်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးထိန်ဝင်းက မိမိတို့ ဌာနအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့ စသည့် မိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုကျင်းပနိုင်ရန် အနောက်ခံစာတန်းနှင့်ဌာန Logo တံဆိပ်များ Vinyl ပြုလုပ်မည့်အရွယ်အစားများနှင့်ကျင်းပမည့်နေ့ရက်/အချိန်…စသဖြင့် ကြိုတင်စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသည့် မိတ်ဘက်ဌာနများမှ အကြီးအကဲများက ဟောပြောမည့် ခေါင်းစဉ်များနှင့်အစီအစဉ်များကို ဆက်လက်ဆွေးနွေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက (၁၀-၈-၂၀၂၃) ရက်နေ့ နံနက် ၁၀နာရီအချိန် အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ပေးကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)