ပန်းတနော်မြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသ

ပန်းတနော် သြဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ မြစ်ရေကြီးစဉ် တာတမံရေဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက မင်းဆယ်ကျေးရွာအုပ်စု လှိုင်တာကျေးရွာ သရက်ချောင်း- မင်းဆယ်တာ တာမိုင်(၂/ ၄) မိုင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြပွဲတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွန်း ၊ဒု-ဦးစီးမှူး ဦးသိန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက မြစ်ရေကြီးစဉ် တာတမံရေဘေးအန္တရာယ် ကျရောက်ပါကျ ဖြစ်ပေါ်တက်သည့် ရေပေါက် (ထူးပေါက်) ပေါက်ခြင်း၊ တာထိပ်ပေါ် ရေကျော်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထခြင်းတို့ ဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့် နည်းစနစ်များ၊ ရှောင်သင့်သည့်အချက်များ၊ တာတမံကျိုးပေါက်နိုင်သည့် အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍  ရေဘေးအန္တရာယ်ကျရောက် ပါက တာတမံများအား ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမည့် အချက်များကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်း၊ လူမှုရေးအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)