ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်း၌ မကျန်စေရေးနှင့် မဲရုံများဆောင်ရွက်ထားရှိမှုကို ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ်  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်း၌ မကျန်စေရေးနှင့် မဲရုံများဆောင်ရွက်ထားရှိမှုတို့ကို ယမန်နေ့ နေ့လယ် (၁၂) နာရီကစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ဆူးကနန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆူးကနန်း ၊ တာပတ် ၊ သာယာဝဲ ၊ ဖိုးစံ ၊ လတာကြီး ၊ လှည်းဆိပ် ၊ တပေတမော့ ၊ ပန်းပဲစု ၊ ဘုံလုံချောင်း ၊ သဗြုဆိပ်၊ ငပိချောင်းကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို တွေ့ဆုံ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲစာရင်း၌ ကျန်ရှိမှုမရှိစေရေး ၊ မဲရုံများ ဆောင်ရွက်ရန်အတွက် လိုအပ်သည်များရှိပါက တင်ပြနိုင်ရေးတို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းက ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာကြသူများက မိမိတို့ကျေးရွာအလိုက် အခြေအနေများကို တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဆူကနန်း၊ ဘုံလုံချောင်း၊ သဗြုဆိပ်နှင့် ငပိချောင်းကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာပေးထားမှုနှင့် အခြေခံပညာကျောင်းများတွင် မဲရုံဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)