ဟင်္သာတ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဗူးဘုရားစျေးလမ်းရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ ဘုရင့်နောင်ခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဒုရဲမှူး သက်နိုင်ဦးမှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ် ဖွယ်ရာများ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဦးဝေဇင်လတ်မှ ယာဥ်မောင်းလိုင်စင် လျှောက်ထား ရယူမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦကျော်ဇေယျာထွန်းမှ မော်တော်ယာဥ် မှတ်ပုံတင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ်(၈၄) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဟင်္သာတ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး သက်နိုင်ဦး၊ ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးဝေဇင်လတ် (စစ်ဆေးရေးမှူး-၂)၊ ဦးကျော်ဇေယျာထွန်း (စစ်ဆေးရေးမှူး-၃)၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)