ဓနုဖြူ ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဗျင်္ညားအနောက်ကျေးရွာအုပ်စု၊ ကနီကပင်ကျေးရွာသဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေး အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ဩဂုတ်လ ၄ရက်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းကိုကိုဦးနှင့် ဝန်ထမ်းများ၊ မအူပင်မြို့နယ် အောင်ဟိတ်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အင်းသားကြီးများ၊ ရေလုပ်သားများ တက်ရောက်ကြပြီး အောင်ဟိတ် ငါးသားဖောက်စခန်းမှ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ (၁၅၀၀၀၀)၊ ငါးခုံးမငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃၀၀၀၀၀)ကို ကနီကပင်ကျေးရွာ၊ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်ဆက်)