မိုးညို ဩဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဒေသအတွင်းဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက(၄၈၈၆၀)ဧကနှင့် အခြားမိုးသီးနှံများစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ်အနေဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် ဆင်းသုခ၊ ရက်(၉၀)၊ ရွှေနံ့သာပေါ်ဆန်း၊ ရတနာတိုး၊ မှော်ဘီ-၂ /၃ စပါးမျိုးများကိုအဓိကထားစိုက်ပျိုးလျက်ရှိပြီး ဒေသအလိုက် မိမိတို့စိုက်ပျိုးလိုသည့် နည်းစနစ်များဖြစ်သည့် ပျိုးထောင်စိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းလမ်းများဖြင့် စိုက်ပျိုးခဲ့ရာ မိုးစပါးစိုက်ဧက (၄၈၈၆၀) ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး အခြားမိုးသီးနှံများဖြစ်သည့် မြေပဲ(မိုး) ၂၀၁ ဧက၊ နှမ်း (မိုးကြို/မိုး) ၂၉၅၄၈ ဧက၊ ဖူးစားပြောင်း(မိုး) ၁၉၁ ဧက၊ ငရုပ်စို(မိုး) ၈၂ ဧက၊ ချဉ်ပေါင်လျှော်(မိုးကြို/မိုး) ၄၈ ဧက၊ ဟင်းသီးဟင်းရွက် ၁၀၂ ဧက တို့အားစိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးတို့အတွက် မျိုးကောင်းမျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပြီး စပါးအထွက်နှုန်းတိုးတက်ရေးအတွက် အသုံးပြုသည့် ဓာတ်မြေဩဇာအမျိုးအစားများနှင့် စပါးအဖျက်ပိုးမွှားများ အန္တရာယ်အတွက်လည်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို စနစ်တကျ လမ်းညွှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြားသီးနှံများစိုက်ပျိုးရာတွင်လည်း တောင်သူများအခက်အခဲမရှိစေရေးနှင့် နည်းစနစ်များမှန်ကန်စေရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ကိုမင်း(ပြန်/ဆက်)