ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီချည်မျှင်ရှည်ဝါ ၁၀၂၁ ဧကနှင့် ဝါကြီး ၁၈၀၄ ဧက စိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ချည်မျှင်ရှည်ဝါနှင့်ဝါကြီးစုစုပေါင်း ၆၈၁၄ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဩဂုတ်လ ၃ ရက်နေ့အထိ ချည်မျှင်ရှည်ဝါ ၁၀၂၁ ဧကနှင့်ဝါကြီး ၁၈၀၄ ဧက စုစုပေါင်း ၂၈၂၅ ဧက စိုက်ပျိုးထားပြီးစီးပြီဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကိုအဓိကထားလုက်ကိုင်ကြပြီး နှစ်စဉ်နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့်ဝါများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် ချည်မျှင်ရှည်ဝါနှင့်ဝါကြီးကိုလည်း စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်းသိရသည်။ ဝါဈေးကွက်အနေဖြင့် ယခင်နှစ်က ဝါတစ်ပိသာလျှင် ၃၄၀၀ ကျပ်အထိဈေးရရှိသည့်အတွက် ယခုနှစ်တွင် ချည်မျှင်ရှည်ဝါကို တောင်သူများပိုမိုစိုက်ပျိုးလာကြကြောင်းနှင့် တောင်သူများဝါသီးနှံမျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်နိုင်ရေး၊ ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများဖြန့်ဝေအသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခင်နှစ်က ဝါအထွက်နှုန်းမှာ တစ်ဧကလျှင်ပျမ်းမျှ ပိသာ ၆၀၀ မှ ၈၀၀ ခန့်အထိထွက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)