ဆင်ပေါင်ဝဲ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးအောင်ကျော်မြင့်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရမည့်အချက်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာဦးက ဥပဒေအကြောင်းအရာနှင့်ပတ်သက်သည့် အချက်အလက်များအား ကျောင်းသား၊ ကျောင်းသူများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)