သာယာဝတီမြို့နယ်တွင် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

သာယာဝတီ     သြဂုတ်   ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်းကာ စာရေးဆရာမ ခင်စောတင့်ရေးသားသည့်  “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ ”စာအုပ်ဖြင့်  အပြန်အလှန်ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီက  လူထုအခြေပြုဗဟိုဌာန (Cmmunity Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှ ရရှိသည့်ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက လစဥ်ပြုလုပ်လျက်ရှိသည့် စာအုပ်စာပေ၏ အနှစ်သာရများကို ဆွေးနွေးခြင်းစာဖတ်ဝိုင်းကို တက်ရောက်ဆွေးနွေးသူများမှာ စာပေနှင့်ထိတွေလျက်ရှိသည့် စာရေးဆရာ၊ ဆရာမများထက် စာပေနှင့်ကင်းကွာလျက်ရှိသည့်လူငယ်များ တက်ရောက်ဆွေးနွေးရန် လိုအပ်ကြောင်းနှင့် လူငယ်များအားဦးတည်ကာ ဆောင်ရွက်မည့် ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

ဆက်လက်ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အတွင်းရေးမှူး မိုးသဲအောင်(ပန်းမြေ)နှင့် အဖွဲ့ဝင်များက “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း၊  “ရွှေ့လျားစက် လှေကား ပေါ်မှသူစိမ်း၊  “သိုက်မြုံမှခွာသောအခါ၊ အချိန်အခါကိုသိပါ၊  “သန်းခေါင်းယံကဖုန်းခေါ်သံစသည့် စာစုများ၌ ပါဝင်သည့် အကြောင်းအရာများအား လူမှုပတ်ဝန်းကျင်အသိုင်းအဝန်း၌ နေ့စဥ်ကြုံတွေနေရသည့်အဖြစ် အပျက်များနှင့် နှိုင်းယှဥ်ကာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်အဖွဲ့ဝင်များမှ ကျန်ရှိသည့်အကြောင်းအရာ စာစုများအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိအိအောင်က စာဖတ်ဝိုင်းအားလစဥ်မပြတ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးသည် စာပေဝါသနာရှင်၊ စာပေချစ်မြတ်နိုးသူများ၏ အပေါ်တွင်မူတည်၍ တက်ရောက်ဆွေးနွေးကြသည့် စာပေချစ်မြတ်နိုးသူများအား ကျေးဇူးတင်ရှိကြောင်းနှင့် နောင်တွင် တက်ရောက်ဆွေးနွေးသူ လူငယ်များ များပြားလာစေရန် ဆောင်ရွက်မည့် ရည်မှန်းချက်အား ပြောကြားခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)