မိုးစပါးအထွက်တိုးစံပြကွက်စိုက်ခင်း ပေါင်းထိုး သမန်းနှိုး ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှ ဩဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂) တောင်သူ ဦးစောထွေး၏ မိုးစပါးအထွက်တိုးစံပြကွက် ဧရာမင်းမျိုးစပါး () ဧကအတွင်း ယနေ့နံနက် ၈ နာရီက ပေါင်းထိုး သမန်းနှိုးကိရိယာဖြင့် ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပန်းတိုင်အထွက်ရရှိဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက မိုးစပါးစိုက်ခင်းများအတွင်း ပေါင်းထိုး သမန်းနိုး ဆောင်ရွက်ခြင်းဖြင့် စပါးခင်းများ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ အမြစ်ဖွံ့ဖြိုးမှု ပိုမိုအားကောင်းလာခြင်း၊ ပေါင်းသတ်ဆေးအသုံးပြုခြင်းနှင့် လက်ပေါင်းလိုက် သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများအား လက်ကမ်းစာစောင် ဖြန့်ဝေပြီး လက်တွေ့သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၂၄၀၅၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မျိုးစေ့ထုတ်စံပြကွက် ဧက ၂၀၀နှင့် ပန်းတိုင် အထွက်နှုန်းစံပြကွက် ဧက ၁၀၀ စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်း/လှ)