မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း သြဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ နိုင်ငံတော်ဗဟို သံဃဝန်ဆောင် မိုးညိုကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဝံသထံမှ ငါးပါးသီလ ဆောက်တည်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို မြို့နယ်အတွင်းရှိ သံဃနာယက ဆရာတော်ကြီးများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိသံဃတော်များ၊ စုစုပေါင်း (၁၈၂) ပါးအတွက် (၁)ပါးလျှင် သင်္ကန်းတစ်စုံ (၃၀၀၀၀)ကျပ်နှင့် ဝတ္ထုငွေ (၁၀၀၀၀)ကျပ် စုစုပေါင်းတန်ဖိုးငွေ (၅၂၁၀၀၀၀) ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ အဖွဲ့(၂) ဦးတင်လှိုင်၊ အဖွဲ့(၃)ဦးစောဝဏ္ဏ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ် ချုပ်ရေးဝန်ထမ်းများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားတော်များ နာယူပြီး ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားရုပ်သိမ်း ခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)