ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒေသအစားအစာ မုန့်ပြုလုပ်နည်း သင်တန်းပြုလုပ်

ကသာ ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ဒေသအစားအစာမုန့်ပြုလုပ်နည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဒေသအစားအစာမုန့်ပြုလုပ်နည်း သင်တန်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာသင်ယူကြရန်၊ သင်တန်း ပြီးဆုံးသွားပါက မိမိ၏မိသားစုအတွက် သော်လည်းကောင်း၊ မိဘဆွေမျိုးသားသမီးများအတွက် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် စီးပွားရေးအတွက် အဆင်ပြေသည့်အပြင် သင်တန်းသား/ သင်တန်းသူများအနေဖြင့် ကုန်ထုတ်စွမ်းအား တိုးမြှင့်အောင် ကြိုးစားသင်ယူကြရန်နှင့် ၎င်းတို့၏ ဌာနအနမှ ဆောင်ရွက်ပေးနေမှုများအကြောင်းတို့ကို ရှင်းလင်ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်နှင့်ဝန်ထမ်းများ သင်တန်းတွင် လက်တွေ့ပြသသင် ကြားပေးနေမှုအား စိတ်ဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၁၇) ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)