လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို ဩဂုတ် ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍  စဉ်းစားခြင်း စာအုပ်မှ စာရေးဆရာဖေမြင့်၏ “အခန်း (၂) ဖောက်ထွက်အတွေးတို့၏သဘော” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်  ၁၁  နာရီအချိန်က မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် စောစည်သူဝင်းက “ဖောက်ထွက်အတွေးနမူနာများ” ခေါင်းစဉ်နှင့်ပတ်သက်၍ “လက်တွေ့လောက၌ ပြဿာနာများ အဖြေရှာသည့်အခါတွင်မူ အဆင့်တွေ၊ အကန့်တွေထဲမှအသေနေ၍မရ၊ ရှိသည့်အရာမှန်သမျှ ထည့်တွက်ရသည်၊ အဖြေထွက်နိုင်သည့် နည်းလမ်းမှန်သမျှကိုလည်း စဉ်းစားကြံဆ အသုံးချရသည်။ ဘောင်ကလေးထဲမှ တွေးနေလျှင် အဖြေမပေါ် တစ်ခါတစ်ရံ၌ ဘောင်ထဲမှာ အဖြေပင်မရှိ၊ တွေးရိုးတွေးစဉ် လမ်းကြောင်းမှဘေးဖဲ့ကာ သို့မဟုတ် သမရိုးကျဘောင်ကို ဖောက်ထွက်ကာ တီထွင်ကြံဆ စဉ်းစားနိုင်မှအဖြေရတတ်သည်” တို့ကိုလည်းကောင်း ဆွေးနွေးခဲ့ရာတက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာရေးဆရာ ဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် လူသည် ကြောင်းကျိုးဆက်စပ် စဉ်းစားတတ်သော ဉာဏ်ကြောင့် အခြားသတ္တဝါတို့ထက် အဆင့်မြင့်မား လာခြင်းဖြစ်သည်။ လူချင်းအတူတူတွင်လည်း စဉ်းစားဉာဏ်ကို အသုံးပြုသူနှင့် အသုံးမပြုသူအကြား အလားတူကွာခြားသွားလိမ့်မည်ဟုဆိုနိုင်ပါကြောင်း အသိပညာဗဟုသုတအနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)