ဟားခါး သြဂုတ် ၃
မြေပြိုတောင်ပြိုမှုသဘောသဘာဝနှင့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းအရ လက်ခံခွင့်ပြုထားသော အချက်အလက်များ ရှင်းလင်းခြင်းကို သြဂုတ်လ ၃ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ချင်းပြည်နယ်သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ချင်းပြည်နယ်အတွင်း ကွင်းဆင်းစစ်ဆေးပြီး ရေးသားထားသော အစီရင်ခံစာများအကြောင်း၊ တောင်ပြိုမြေပြိုခြင်း၏ သဘောသဘာဝများ၊ တောင်ပြိုမြေပြိုဖြစ်ရသည့် အကြောင်းတရားများ၊ တောင်ပြိုမြေပြိုဖြစ်ပေါ်နိုင်သည့် သွင်ပြင်လက္ခဏာများ၊ တောင်ပြိုမြေပြိုခြင်းအား ကြိုတင် ကာကွယ်ခြင်း/မြေပြိုမှုအား ကာကွယ်မည့်အစီအမံများ၊ မြေပြိုမှုအန္တရာယ်အဆင့်ပြ မြေပုံရေးဆွဲ ရန်လိုအပ်ချက်များ၊ အန္တရာယ်အဆင့်သတ်မှတ်ချက်များနှင့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းအရ လက်ခံခွင့်ပြုထားသော အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ချင်းပြည်နယ် သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၏ ရှင်းလင်းချက်များအပေါ် အခမ်းအနား တက်ရောက်လာကြသည့် လမ်းဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးကျော်မင်းဦးက မလိုအပ်ဘဲ လမ်းတာချဲ့ခြင်းသည် ချင်းပြည်နယ်တွင်း လမ်းမြေပြိုမှု ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများအနက် တစ်ခုပါအဝင် ဖြစ်ကြောင်းကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်မျိုးဦးနှင့် ပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မျိုးထွေးတို့က မြေပြိုတောင်ပြိုမှုဖြစ်ပွားရခြင်းကို ကကွယ်နိုင်ရန်အတွက် ရွှေ့ပြောင်းတောင်ယာစနစ်အစား တောင်စောင်းစိုက်ပျိုးနည်းစနစ် အသုံးပြုစိုက်ပျိုးရန် လိုအပ်နေမှုနှင့် သစ်ပင်စိုက်ပျိုးဆောင်ရွက် ထားရှိမှုအခြေအနေမျာကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးစိုးလွင်မိုးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ချင်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လမ်းဖောက်လုပ်ခြင်း၊ လမ်းတာချဲ့ခြင်း၊ အဆောက်အဦ များဆောက်လုပ်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့ကြားသိရသည့် မြေပြိုတောင်ပြို မှုသဘောသဘာဝနှင့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းအရ လက်ခံခွင့်ပြုထားသော အချက်အလက်များ အပေါ်အခြေခံ၍ ဆိုင်ရာဌာနတာဝန်ရှိသူများက ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဟားခါး (ခရိုင်/ပြန်ဆက်)