ဖြူး သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူမှုဖူလုံရေးရုံး၏ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းနှင့် နာရေးစရိတ်ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေး တာဝန်ခံအရာရှိဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါအကျိုးခံစားခွင့်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး ဖြူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကြည်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းစိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အာမခံအလုပ်သမားဦးကျော်စံလင်း(ကညွတ်ကွင်းလျှပ်စစ်)၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် အကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ်(၉၉၀၀၀၀၀)ကျပ်ကို ကျန်ရစ်သူဇနီးအားထုတ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)