ကလေးဝမြို့ ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်

ကလေးဝ သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရာဇာဝင်းက လေထုညစ်ညမ်းမှုဖြစ်စေသော ယာဉ်နှင့်လောင်စာဆီများ အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးက စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမားအဓိပ္ပါယ် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ဒုဦးစီးမှူး ဒေါ်ဇာဇာလှိုင်းက လူငယ်နှင့်စာဖတ်ခြင်း၊ မြို့နယ်လျှပ်စစ်မှူး ဦးအောင်လှိုင်ဝင်းက လျှပ်စစ်အန္တရာယ်အကြာင်း သိကောင်းစရာများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးကျင်လျှန်နန်က ပညာရေးဌာနကိုယ်စား အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေး၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဇေယျာရွှေမြေ အသိပညာပေးကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး လက်ကမ်းစာစောင်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)