အထက်မင်းလှ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံ အခြေခံတန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာ (Bakery & Snack) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မလွန်ကျေးရွာ၊ စကြောဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များအား လေ့လာမှတ်သားပြီး လက်တွေ့အသုံးချ၍ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးလင်းထက်အောင်က သင်တန်းတွင်အသုံးပြုမည့် ပစ္စည်းများအား ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (Bakery Snack)သင်တန်းသို့ မလွန်ကျေးရွာနှင့် ညောင်ပင်ကျင်းကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ဩဂုတ်လ(၃)ရက်နေ့မှ (၉)ရက်နေ့ထိ စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)