တောင်တွင်းကြီး သြဂုတ် ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမူရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခြမ်းကာကျေးရွာအုပ်စု ကွင်းအမှတ် ၁၉၉၉(က)တွင် စိုက်ပျိုးထားသည့် တောင်သူ ဦးတင်စိုး၏ မိုးစပါး(ဆင်းသုခ) မျိူးသန့်စံပြကွက် တစ်ဧကစိုက်ပျိူးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံရှည်ကျေးရွာ ကွင်းအမှတ် ၁၉၉၇ တွင် စိုက်ပျိုးထားသည့် တောင်သူ ဦးမြင့်ထွန်း၏ ရာကာ ၆၆၆ ချည်မျှင်ရှည်ဝါစိုက်ခင်း သုံးဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုခဲ့ပြီး လက်ပံရှည်ဘုန်းတော်ကြီးကျောင်းတွင် ဝါစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဝါစိုက်တောင်သူများနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံ၍ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲသို့ ကျေးလက်နေပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် အဓိက လိုအပ်ပါကြောင်းနှင့် ယခုတွေ့ဆုံပွဲတွင် တောင်သူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိူးအေးက မြို့နယ်အတွင်း ချဉ်မျှင်ရှည်ဝါစိုက်ပျိူးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများမှ မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ အစည်းအဝေးခန်းမတွင် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းးများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မွန်လွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံပြီး တောင်သူများအား စိုက်ပျိုးရေးနစ်စနစ်မှန်ကန်စေရေး၊ စိုက်ပျိုးရေရရှိရေး၊ တစ်ဧကပန်းတိုင်းအထွက်နှုန်းရရှိရေးတို့ကို ကော်မတီဝင်များအနေဖြင့် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားပြီး တက်ရောက်လာသည့် ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေအား မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ တိုင်းးဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)