ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ ဇန်နဝါရီ  ၄

ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍  ကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ပြိုင်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ အကြောင်းပြောကြားပြီး (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ပခုက္ကူမြို့နယ်အတွင်းရှိ အခြေ ခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ မူကြို ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးတို့က  ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပခုက္ကူမြို့နယ် ပန်းချီဆရာအသင်းမှ ပန်းချီးဆရာ ဦးတင်လှိုင်က ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများ အကြောင်းကို လည်းကောင်း၊  ပခုက္ကူမြို့၊ Ceelin ကုမ္ပဏီမှ တာဝန်ခံ ဒေါ်ခိုင်ဇင်ဝင်းက ဆေးကုမ္ပဏီအကြောင်းနှင့် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်မည့် အကြောင်းအရာများ ကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြား ကြပြီး (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပခုက္ကူခရိုင်ပြန်/ဆက်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန်နှင့် လက်ရေးလှပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့အပြင် ပခုက္ကူမြို့နယ် အနာဂါတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်းမှ ပြိုင်ပွဲဝင်ကလေးငယ်များအား ပုံပြင်ပြောပြခြင်း၊ ပခုက္ကူမြို့၊ Ceelin ကုမ္ပဏီမှ ပြိုင်ပွဲဝင် မူကြိုကလေးငယ်များအား ပုံဆွဲစာအုပ်များနှင့် မုန့်များ အခမဲ့ပေးဝေခြင်းနှင့် Ceelin ဆေးနှင့် Biogesic ဆေးများ ရောင်းချပေးခြင်းများ ပြုလုပ်ကြကြောင်းသိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)