အုတ်ဖိုမြို့နယ်တွင် လေဘေးသင့်ထောက်ပံငွေပေးအပ်

အုတ်ဖို သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သရက်ပင်ဆိပ်ကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်ကျေးရွာတွင် လုံးပတ်(၄)ပေရှိ ဂွေးပင်မှာအမြစ်ပွ၍ နေအိမ်ပေါ်သို့ပြိုလဲကာ အမျိုးသမီးတစ်ဦးထိခိုက်သေဆုံးမှုနှင့် ပြိုလဲနေအိမ်(၁)လုံး အတွက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိလူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀)ကျပ်၊ သေဆုံးသူဒေါ်စန်းစန်းအေးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၄၀၄၂၀၀)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးအတွက် ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ နှစ်ယောက်အိပ်ခြင်ထောင်၊ ဒန်အိုးအပါအဝင်စသည့်ပစ္စည်း(၁၇)မျိုး တို့အား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ အုတ်ဖို