တောင်ငူ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစိစစ်ရေးအဖွဲ့ဝင်များသည် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇူလိုင် ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့က ပဲခူးရိုးမဘက်၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းဖြူကျေးရွာအုပ်စု၊ ဒုံကြီးချောင်း(ချောင်းဖြူချောင်း)ရှိ ချောင်းရေမြင့်တက်လာကာ ချောင်းတာတောင် (၃)နေရာကျိုးခဲ့သဖြင့် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သော မိုးစပါးစိုက်ခင်းဧကများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က ``ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သော စပါးစိုက်ခင်းများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် မျိုးစပါးလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ စပါးစိုက်ခင်းများ ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဒေသအလိုက် စပါးမျိုးများရရှိစေရေး တောင်သူများနှင့် ညှိနှိုင်းရန်၊ ကွင်းဆင်းစိစစ်ရေးအဖွဲ့တွင်ပါဝင်သည့်အဖွဲ့ဝင်များ တောင်သူများ၏ လိုအပ်ချက်များသိရှိနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရန်´´ စသည်တို့ကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစိစစ်ရေးအဖွဲ့ဝင်များက ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သော မိုးစပါးစိုက်ခင်းဧကများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။
တောင်ငူမြို့နယ်အတွင်းရှိ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မဟင်ကျေးရွာအုပ်စု၊ ဆူးတပ်ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာအုပ်စု၊ ပဲချက်ကုန်းကျေးရွာအုပ်စုနှင့် အနောက်ဆင်ကျေးရွာအုပ်စုများတွင် အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် စပါးစိုက်ခင်းဧက(၃၁၃၇)ဧကထိခိုက်ခဲ့ပြီး ပျက်စီးဧက (၁၄၂၆)ဧကရှိခဲ့ကာ (၆၃၇)ဧက ပြန်လည်စိုက်ပျိုးပြီးကြောင်းနှင့် (၇၈၉)ဧက ပြန်လည်စိုက်ပျိုးရန်ကျန်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)