ငဖဲ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ် ကြီးကြပ်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုတို့ဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရောင်းဝယ်သူများ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်၍ ဆန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ်ရပ်ကွက်ရှိပြည်သူများအား မြို့မဈေး ရှေ့တွင် ယနေ့နံနက် ၇နာရီက ထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် (၂၈၀၀)ကျပ်နှုန်းဖြင့် ၅၀ ပြည်၊ ကြက်ဉ ၁ လုံး လျှင်(၂၃၅)ကျပ်နှုန်းဖြင့် အလုံး ၈၀၀၊ ဆီ ၅၀ ကျပ်သား တစ်ဗူးလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ၄၀ဗူး၊ နို့ဆီဗူးတစ်ဗူးလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၂၀ ဗူးတို့ကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်း ဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချပေးရာသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ဝယ်ယူကြသူများကို ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏ လူမှုစီးပွား ဘဝအထောက်အကူဖြစ်စေခဲ့ကြောင်းနှင့် တန်ဖိုးသင့်စားသောက်ကုန်များကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)