မြိတ် ဩဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ဘော်လီဘောအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ကလပ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲ ကျင်းပရာ ပပြင်ကျေးရွာ ကလပ်အသင်းနှင့် ကန်ဖျားရပ်ကွက် ကလပ်အသင်းတို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားဝါသနာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ကန်ဖျားရပ်ကွက်ကလပ်အသင်းက ပပြင်ကျေးရွာကလပ်အသင်းအား (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင်ကလပ်အသင်း(၈)သင်း ပြိုင်ပွဲဝင်အားကစားသမား (၇၂)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဇူလိုင်(၂၉)ရက်မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် ဒုတိယနှင့် ပထမဆုရရှိကြသော အသင်းများမှ အားကစားသမားများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်မိုးနှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်တို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသော အသင်းအား မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)