လပွတ္တာမြို့နယ်၌ မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

လပွတ္တာ သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက်  မြို့ပေါ် ရပ်ကွက်များရှိ မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို လပွတ္တာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအဟောင်းတွင် ယနေ့ နံနက်(၉)နာရီက စတင်ထိုးနှံတိုက်ကျွေး ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရာတွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်အထိ ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ် အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေး အတွက် အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

လပွတ္တာ ခရိုင် ပြန်/ဆက်