လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

လက်ပံတန်း ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)၊ ပညာရေးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာမခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ်စာပေချစ်သူများအသင်း(Book Club)ဥက္ကဋ္ဌဦးမြင့်သိန်း စာရေးဆရာမြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမင်းထွန်းက လူငယ်လူရွယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြု၍ အသိပညာဗဟုသုတပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေဆွေးနွေးနိုင်ရေးအတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (Book Club)အဖွဲ့ဝင်များဖြစ်သည့် ဆရာဦးစောမြင့်က ထိုတစ်ညခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်စမ်းစမ်းဝင်းက “မွေးမေမေနဲ့ကျွေးမေမေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလွန်(ဘီးလင်းတန်း)မှ ဆရာမဒေါ်စုစုခိုင်"က အချိန်အခါကိုသိပါ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမဒေါ်ညိုညိုတင့်က “ခဏလောက်စောင့်ပါဦး"စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)