ဇမ္ဗူသီရိ ဩဂုတ် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ (Quick Win) အစီအမံ (၅) ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာစေရေး အလေးထားဆောင်ရွက်ကြရန်၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များဆောင်ပြီး မောင်းနှင်စေရေး၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် အသက်ကယ်ခါးပတ်များပတ်ပြီး မောင်းနှင်စေရေး၊ အရက်သေစာသောက်စားပြီး မမောင်းစေရေး၊ သတ်မှတ်မိုင်နှုန်း ကျော်လွန်မမောင်းစေရေးတို့ကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်၊ ပြည်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အလေးထားပြီး ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအား လိုက်နာကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)